ချစ်မေတ္တာ ချည်နှောင်မှုဆီသို့

Posted in မိဘအုပ်ထိန်းခြင်း

ရေချိုးတာအပါအဝင် ကလေးငယ်ရဲ့ ဝေယျာဝစ္စအများစုကို အမေတွေက လုပ်ပေးကြတာများမယ်ထင်ပါတယ်။ ကလေးငယ်ကို ရေချိုးပေးချိန်ဆိုတာ ချစ်မေတ္တာ၊ သံယောဇဥ်နဲ့ ရင်းနှီးမှုကို တည်ဆောက်ဖို့ အကောင်းဆုံး အခိုက်အတန့်တွေထဲကတစ်ခုဖြစ်လို့ လက်တွဲဖော်ကို ကူညီပေးဖို့ရော၊ ကိုယ့်ရင်သွေးနဲ့ ခိုင်ကျည်နွေးထွေးတဲ့ ရင်းနှီးမှုတစ်ခု တည်ဆောက်နိုင်ဖို့အတွက်ပါ ဖေဖေတွေလည်း ကလေးရေချိုးချိန်မှာ ပါဝင်သင့်ကြောင်း  အကြံ ပေးချင်ပါတယ်။ ကလေးရေချိုးပေးတယ်ဆိုတာ သန့်ရှင်းရေးကိစ္စတင်မကဘဲ နှလုံးသားတွေ၊ ရင်းနှီး ချစ်ခင်မှုတွေနဲ့ ဘယ်သို့ဘယ်ပုံ ဆက်သွယ် နေသလဲ ဆိုတာ ဒီဆောင်းပါးမှာ မြည်းစမ်းကြည့်ကြစို့လား။ 

မေတ္တာပေါင်းကူး 

“ကလေးတွေဆိုတာ လက်သာရာကို ကပ်ကြတာ” လို့ လူပြောသူပြောစကားတွေ ကြားဖူးမှာပါ။ ကလေးမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို ကိုယ့်ပေါ်ကောင်းပြီး တယုတယ ရှိတဲ့သူတွေကို တွယ်တာကြတာ ဓမ္မတာပါပဲ။ သားသမီးက ဖခင်ကို ရိုသေခန့်ညားဖို့အတွက် “သားသမီးကိုတကယ်ချစ်ရင် အိပ်နေတုန်းပဲ ခိုးနမ်းပါ”၊ “ချစ်တာကို ထုတ်မပြနဲ့” အစရှိတဲ့ အတွေးအခေါ်တွေက ချစ်မေတ္တာကိုတော့ မတည်ဆောက်ပေးနိုင်ပါဘူး။  အဖေတစ်ယောက်အနေနဲ့ ရင်သွေးကို ချစ်မြတ်နိုးပြီး အကာအကွယ်ပေး၊ လမ်းညွှန်ပေးရမှာပါ။ အုပ်ချုပ်ရမှာ မဟုတ်လို့ အဖေနဲ့ ကလေးကြားက ဆက်ဆံရေးကို ကြောက်ရွံ့နေဖို့ထက် ချစ်ခင်မြတ်နိုးဖို့ကို ဇောင်းပေးသင့် တယ်လို့ မြင်မိပါတယ်။  ရေချိုးခန်းထဲမှာ ကလေးငယ်ကို ရေချိုးပေးရင်း၊ ဆပ်ပြာပူဖောင်းတွေ၊ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေနဲ့ လွှမ်းခြုံနေတဲ့ ပျော်စရာအခိုက်အတန့်လေးတွေကို တည်ဆောက်ပြီး ဖေဖေနဲ့ ရင်သွေးငယ် တို့ကြား ရင်းနှီးကျွမ်းဝင်၊ ချစ်ခင်မှုကို တည်ဆောက်လိုက်ကြရအောင်။

ကစားရင်းနဲ့ သင်ယူကြမယ် 

ဘဲရုပ်လေးတွေ၊ ငါးရုပ်လေးတွေ၊ ကစားစရာ သင်္ဘောတွေ စတဲ့ ရေချိုးခန်းသုံး ကစားစရာတွေကို သုံးပြီး အရောင်တွေ၊ အရေအတွက်တွေကို ဖေဖေက ပေါ့ပေါ့ပါးပါး သင်ပေးနိုင်သလို ရေဘဝဲတွေ၊ ဝေလငါးနဲ့ လင်းပိုင်တွေလို အဏ္ဏဝါ မျိုးစိတ်တွေ အကြောင်း ပြောပြရင်း ကလေးတို့ ရဲ့  ဗဟုသုတ၊ စိတ်ကူးဉာဏ် ကွန့်မြူး နိုင် မှုနဲ့ ခံစားမှုတွေကို ပျိုးထောင်ပေးလို့လည်း ရပါသေးတယ်။ ဒီလို ကလေးငယ်ဘဝမှာ သူရဲကောင်းဖေဖေနဲ့ ရေချိုးကန် အဏ္ဏဝါခရီးကို အတူတူစွန့်စားခန်းထွက်ရင်း သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေက ဖေဖေ့အပေါ် ယုံကြည်ကိုးစားမှုနဲ့ တွယ်တာမှုတွေကို ကောင်းမွန်တိုးတက်စေဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

ဖေဖေ့အတွက် သင်ခန်းစာအသစ် 

ကလေးရေချိုးပေးချိန်ဆိုတာ သက်တံ့ထွက်ပေါ်နေတဲ့ ကောင်းကင်လို အမြဲတမ်းသာယာကြည်နူးစရာတော့ မဟုတ် ပါဘူး။ ကလေးက ‌ရေချိုးဖို့ ပတ်ပြေးနေတာ၊ ခေါင်းလျှော်ရမှာကြောက်တာ၊ ခေါင်းလျှော်တဲ့အခါ မျက် လုံးထဲ ဆပ်ပြာဝင်မှာစိုးရိမ်ရတာ၊ နောက်ဆုံး ရေချိုးပြီးတဲ့အခါမှာတောင် အင်္ကျီဝတ်ပေးဖို့ ဖမ်းမရတာ စတဲ့ စိန်ခေါ်မှုပေါင်းစုံနဲ့ လေရောမိုးပါ သည်းထန်တဲ့ နေ့ရက်တွေကိုလည်း ဖေဖေတို့ ကြုံတွေ့ကြရမှာပါ။ ဒါတွေဟာ ဖေဖေတို့ကို စိတ်ရှည်သည်းခံနိုင်စွမ်း၊ ကလေးငယ်နဲ့ ညှိနှိုင်းပြောဆိုနိုင်စွမ်း၊ စိတ်ညစ်ညူးစရာအခြေအနေတွေ ကို စိတ်အေးအေးထားပြီး ဘယ်လိုကိုင်တွယ်ရမလဲ စတဲ့စတဲ့  အရည်အချင်းတွေပြည့်ဝစေဖို့ လေ့ကျင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဘေးကင်းလုံခြုံတဲ့ ကလေးရေချိုးချိန်

ကလေးရေချိုးပေးချိန်ဟာ ပျော်စရာဖြစ်ဖို့တင်မကဘဲ ဘေးကင်းလုံခြုံဖို့ပါ အရေးကြီးပါတယ်နော်။ ကလေးသုံး ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည် အစရှိတဲ့ ပစ္စည်းတွေကို အန္တရာယ်ကင်းပြီး အရည်အသွေး စိတ်ချရတာမျိုး ရွေးဝယ်ဖို့ လိုအပ်ပါတယ်။ ရေချိုးခန်းမှာ ချော်မလဲစေဖို့ သင့်တော်တဲ့ ရေချိုးခန်းသုံးအခင်းတွေ၊ ကလေးငယ်ရဲ့ နူးညံ့တဲ့ အသားအရေကို မထိခိုက်မယ့် မွှေးပွတဘက်တွေကလည်း ထည့်သွင်းစဥ်းစားရမယ့် အချက်တွေပါပဲ။ ဘဲရုပ်၊ လှေရုပ်၊ ရောင်စုံဘောလုံး စတဲ့ ကစားစရာအရုပ်ကလေးတွေကအစ ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတာ‌ သေချာအောင် စစ်ဆေးဝယ်ယူသင့်ပါတယ်နော်။ ကလေးတို့အတွက် သူရဲကောင်းဖေဖေ 

မပူလွန်း၊ မအေးလွန်းတဲ့ ရေအနေအထားဖြစ်အောင် ဂရုစိုက်ပေးတာ၊ အန္တရာယ်ကင်းပြီး အရည်အသွေးစိတ်ချ ရတဲ့ ရေချိုးခန်းသုံး ကလေးပစ္စည်းတွေကို အသုံးပြုပေးတာ၊ ချော်မလဲအောင် ကာကွယ်ပေးတာ စတဲ့ ဖေဖေ့ရဲ့ ကာကွယ်မှုတွေက ကလေးကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှု ရစေမှာပဲ ဖြစ်ပါတယ်။ ဖေဖေ့ ရဲ့ ကာကွယ်မှုအောက်မှာ စိတ်ရောကိုယ်ပါ လုံခြုံမှုအပြည့်နဲ့ ကြီးပြင်းလာရခြင်းဟာ ဖခင်နဲ့ ရင်သွေးကြားက အခိုင်မာ၊ အနွေးထွေးဆုံး ချစ်မေတ္တာပါပဲ။ ကလေးငယ်ရဲ့ ရေချိုးချိန် တာဝန်ယူပေးပြီး ကိုယ့်ရင်သွေးရဲ့ စံပြသူရဲကောင်း ဖြစ်ကြရအောင် ဖေဖေတို့ရေ။

ကလေးရေချိုးချိန်ဆိုတာ တကိုယ်ရည်သန့်ရှင်းရေးချိန်ဆိုတာထက်ပိုပါတယ်။ ကလေးရေချိုးချိန်ကို ဖေဖေ တာဝန်ယူခြင်းဖြင့် (သို့) ရေချိုးချိန်မှာ ဖေဖေပါဝင်ခြင်းဖြင့် ကလေးငယ်ရဲ့ စိတ်ခံစားမှု၊ စိတ်ကူးကွန့်မြူးနိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ဖေဖေနဲ့ ကလေးကြားထဲက နွေးထွေးလုံခြုံမှုတွေကို မြှင့်တင်ပေးတဲ့ အချိန်ပါပဲ။ တပြိုင်တည်းမှာ ပဲ ဖေဖေ့ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းနဲ့ တာဝန်ယူမှုတွေကိုပါ မြှင့်တင်ပေးနိုင်မယ့် အခိုက်အတန့်ပဲနော်။ ကလေးတွေဆိုတာ အမြဲတမ်းဒီအရွယ်မှာပဲ ရပ်တန့်နေမှာမဟုတ်လို့ အချိန်အပိုင်းအခြားတစ်ခုပဲ ပြုလုပ်နိုင်မယ့် ကလေးရေချိုးချိန်မှာပါဝင်ပြီး ဖေဖေနဲ့ ကလေးကြားထဲက ရင်းနှီး ချစ်ခင်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ထား လိုက်ကြရ‌အောင်။


Share

Comments

Related Posts