ကလေးငယ်တွေ မဖြစ်မနေ ကာကွယ်ဆေးထိုးဖို့ ဘာကြောင့်လိုအပ်သလဲ 

Posted in မိဘအုပ်ထိန်းခြင်း


ကာကွယ်ဆေးထိုးနှံခြင်းဟာ ကျန်းမာရေးအတွက် မဖြစ်မနေပြုလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် မထိုးမဖြစ် ကာကွယ်ဆေးတွေ ထိုးပေးခြင်းက မိဘတွေတာဝန်ယူရမယ့် ကျန်းမာရေး စောင့်ရှောက် မှု အခြေခံပါပဲ။ ကာကွယ်ဆေးထိုးပေးခြင်းကပဲ အသည်းရောင်အသားဝါ၊ ပိုလီယို၊ တီဘီရောဂါ စတဲ့ ပြင်းထန်ရောဂါ တွေ၊ ကူးစက်ရောဂါတွေကို ကာကွယ်ပေးမှာဖြစ်လို့ ကိုယ့်ကလေးငယ်ကို ကာကွယ်ဆေးထိုးဖို့ မေ့လျော့ပေါ့ဆလို့ မဖြစ် ပါဘူး။ ဒါကြောင့် မွေးကင်းစမှ ၉ နှစ်အထိ က‌လေးငယ်တွေ မထိုးမဖြစ် ထိုးနှံရမယ့် ကာကွယ်ဆေးတွေအကြောင်း ပြောပြထားပါတယ်။

ကာကွယ်ဆေးဆိုတာ ဘာလဲ 

ကာကွယ်ဆေးဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါကို တိုက်ထုတ်နိုင်တဲ့အထိ သန်မာအောင်လို့ ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ဆေးပါ။ ဥပမာ- ပိုလီယိုရောဂါ ကာကွယ်ဆေးဆိုတာ လူအတွက် အန္တရာယ်မဖြစ်စေအောင် ထုတ်လုပ်ထား တဲ့ ပိုလီယိုရောဂါပိုးပါဝင်တဲ့ ပဋိဇီဝဆေးဝါးပါ။ ဒီရောဂါပိုးအတုကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်က လိုအပ်တဲ့ ကိုယ်ခံအားစနစ် ကို တည်ဆောက်ပေးပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းအားဖြင့် ပိုလီယိုရောဂါပိုး တကယ်ဝင်လာတဲ့အခါကျရင် ဒီရောဂါပိုးကို တိုက်ထုတ်ပေးဖူးတဲ့ ကိုယ်ခံအားစနစ်က ရောဂါကိုတွန်းလှန်ဖို့ အဆင်သင့်ဖြစ်နေတာပါ။ ကာကွယ်‌ဆေးတွေက ဒီလိုနည်း လမ်းနဲ့ ရောဂါတွေကို ကာကွယ်ပေးနေတာကြောင့် ဆေးထိုးပြီးတဲ့နောက် ဖျားတာမျိုး ဖြစ်လေ့ရှိပါတယ်။ ကာကွယ် ဆေး အမျိုးအစားတွေပေါ်လိုက်ပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံ အားစနစ်က မတူညီတဲ့ ခုခံနိုင်စွမ်းတွေကို ထုတ်လုပ်ပေးပါတယ်။

ကာကွယ်ဆေးတွေက ဘာကြောင့်အရေးပါသလဲ 

ကာကွယ်ဆေးတွေ၊ အထူးသဖြင့် ကလေးတွေ မထိုးမဖြစ် ထိုးဖို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေဆိုတာ ကလေးတစ်ယောက် ချင်းစီကို နေမကောင်းမဖြစ်စေဖို့ကာကွယ်ပေးတဲ့အပြင် တစ်ယောက်ကနေ တစ်ယောက် ရောဂါကူးစက်မှာကိုလည်း ကာ ကွယ်ပေးပါတယ်။ ဒီလိုကာကွယ်ပေးတာကြောင့် ရောဂါဖြစ်လို့ နောက်ဆက်တွဲဖြစ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကို လည်း လျှော့ချပေးပြီးသား ဖြစ်တာပေါ့။ ဒါကြောင့် ပိုကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု၊ ပိုကျန်းမာတဲ့ဒေသတစ်ခု၊ ပို ကျန်းမာတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့အတွက်ဆို ကာကွယ်ဆေးဟာ အရေးပါတဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု တစ်ခု ဖြစ်နေတာပါ။ ကာကွယ်ဆေးထိုးတဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း အောင်အောင်မြင်မြင်လုပ်သွားနိုင်မယ်ဆိုရင် ကြိုတင် ကာကွယ်လို့ရတဲ့ ရောဂါတွေကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်ဆိုတာ ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးခြင်းက သက်သေပြ နေပါတယ်။

ကလေးတွေ ထိုးကိုထိုးရမယ့် ကာကွယ်ဆေးများ 

မွေးကင်းစကနေ ၉ နှစ်လောက်ထိ ကလေးတွေ ထိုးဖို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အသက်အရွယ်အလိုက် ဖော်ပြသွား ပါမယ်။

အသက်အရွယ်

ကာကွယ်ဆေးများ

မွေးကင်းစ

အသည်းရောင်ရောဂါ ဘီပိုးကာကွယ်ဆေး

၂ လအရွယ်

ဆုံဆို့နာ

ကြက်ညှာချောင်းဆိုး

ပိုလီယိုရောဂါ

မေးခိုင်ရောဂါ

တုတ်ကွေး စသည့်ရောဂါများအတွက် ပထမအကြိမ် ကာကွယ်ဆေး

၄ လအရွယ်

ဆုံဆို့နာ

ကြက်ညှာချောင်းဆိုး

ပိုလီယိုရောဂါ

မေးခိုင်ရောဂါ

တုတ်ကွေး စသည့်ရောဂါများအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး

၆ လအရွယ်

ဆုံဆို့နာ

ကြက်ညှာချောင်းဆိုး

ပိုလီယိုရောဂါ

မေးခိုင်ရောဂါ

တုတ်ကွေး စသည့်ရောဂါများအတွက် တတိယအကြိမ် ကာကွယ်ဆေး

၉ လမှ ၁၂ လအရွယ်

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါအတွက် သုံးမျိုးစပ် ကာကွယ်ဆေး (ပထမအကြိမ်)

ဂျပန် ဦးနှောက်ယောင်ရောင်ဂါ ကာကွယ်ဆေး နှစ်ကြိမ် (ပထမ အကြိမ် နှင့် ဒုတိယအကြိမ် ကြားတွင် ၃လမှ ၁၂လ ခြား၍ ထိုးနှံရပါမယ်)

၁၂ လနှင့်အထက်

ရေကျောက်ရောဂါ ကာကွယ်ဆေး

အသည်းရောင်အသားဝါ အေ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် (ပထမ အကြိမ် နှင့် ဒုတိယအကြိမ် ကြားတွင် ၃လမှ ၁၂လ ခြား၍ ထိုးနှံရပါမယ်)

၁နှစ် ၆လ

ဆုံဆို့နာ

ကြက်ညှာချောင်းဆိုး

ပိုလီယိုရောဂါ

မေးခိုင်ရောဂါ

တုတ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေးကို ပထမအကြိမ် ထပ်မံထိုးနှံ ရပါမယ်။

၂ နှစ် - ၂ နှစ်ခွဲ

သုံးမျိုးစပ် ကာကွယ်ဆေး (ဒုတိယအကြိမ်)

၄ နှစ် - ၆ နှစ်

ဆုံဆို့နာ

ကြက်ညှာချောင်းဆိုး

ပိုလီယိုရောဂါ

မေးခိုင်ရောဂါ

တုတ်ကွေး စသည့်ရောဂါများအတွက် ကာကွယ်ဆေးကို ဒုတိယအကြိမ် ထပ်မံထိုးနှံ ရပါမယ်။

၉ နှစ်နှင့်အထက်

မေးခိုင်ရောဂါနှင့် ဆုံစို့နာ ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး

ဒီကာကွယ်ဆေးတွေက ယေဘုယျအားဖြင့် ထိုးနှံရမယ့် အခြေခံကာကွယ်ဆေးတွေဖြစ်ပြီး ဒေသတစ်ခုနဲ့ တစ်ခု အနည်းငယ် ကွဲပြားနိုင်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ သိထားသင့်တဲ့အချက်များ

  • ကလေးက အဖျားရှိနေချိန်၊ ဝမ်းလျောနေချိန်၊ ပျင်းထန်တဲ့ ရောဂါ တစ်ခုခုဖြစ်နေချိန်ဆိုရင် ကာကွယ်ဆေး မထိုးရ ပါဘူး။
  • ကလေးမှာ ဓာတ်မတည့်မှုတစ်ခုခုရှိတယ်ဆိုရင် ဆေးမထိုးခင် ဆရာဝန်ကို ကြိုပြောထားပါ။
  • ဆေးထိုးပြီးတဲ့အခါလည်း ချက်ချင်းမပြန်သေးဘဲ ဓာတ်မတည့်မှု ဖြစ်မဖြစ် စောင့်ကြည့်ဖို့ လိုပါတယ်။
  • ကလေးက ကာကွယ်ဆေးထိုးဖို့ အချိန်ကျော်နေပြီ၊ ကာကွယ်ဆေးထိုးရမယ့် အရွယ်အပိုင်းအခြား ‌ကျော်နေပြီ ဆို ရင်လည်း သိသိချင်း ထိုးပေးလို့ရပါတယ်။ ဥပမာ- အသက် ၉ လ-၁၂ လမှာ သုံးမျိုးစပ် ကာကွယ်ဆေး မထိုးခဲ့မိဘဲ ၁၂လကျော်မှ သိတယ်ဆိုရင်လည်း ထိုးပေးရပါမယ်။

ကာကွယ်ဆေးထိုးပြီးနောက် သတိထားရမယ့် အချက်များ 

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးက ဖျားလေ့ရှိတယ်ဆိုပေမယ့် အောက်ပါလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ မပေါ့ ဆသင့်ပါဘူး။

  • ဆေးထိုးထားတဲ့နေရာက ယောင်ယမ်း နီမြန်းပြီး နာကျင်ခြင်း
  • ရက်ရှည်ဖျားခြင်း
  • ခန္ဓာကိုယ်တွင် ဓာတ်မတည့်မှုလက္ခဏာများ ပေါ်ပေါက်လာခြင်း
  • အသက်ရှုကြပ်၊ ချောင်းဆိုး၊ နှာရည်ယိုခြင်း
  • သတိလစ်ခြင်း၊ မူးလဲခြင်း

ဒီလို လက္ခဏာတွေ ပြလာပြီဆိုရင် မပေါ့ဆပဲ နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို မြန်မြန်သွားရပါမယ်နော်။

ကလေးငယ်တွေကို အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးပေးဖို့ဆိုတာ မိဘတွေပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အခြေခံအကျဆုံး ကျန်းမာရေးအကာအကွယ်ပါ။ ဒါကြောင့် ကလေးငယ်တိုင်း ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့အတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို နီးစပ်ရာကျန်းမာရေးဌာနတွေမှာ မမေ့မလျော့သွားရောက်ထိုးနှံဖို့ တိုက်တွန်းလိုက်ပါတယ်။


Share

Comments

Related Posts