ဘယ်ဆယ်လ်မွန်က အကောင်းဆုံးဖြစ်မလဲ

Posted in အစားအစာ


ဆယ်လ်မွန်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး  ကမ္ဘာတစ်ဝှမ်းမှာ အရမ်းကို လူကြိုက်များတဲ့ ပင်လယ်စာတွေထဲက တစ်ခုဖြစ်ပါတယ်။ စူပါမားကတ်တွေနဲ့ စတိုးဆိုင်တွေမှာ ရောင်းနေတဲ့ ဆယ်လ်မွန်တွေမှာ သဘာဝ ဆယ်လ်မွန်နဲ့ မွေးမြူရေး ဆယ်လ်မွန်ဆိုပြီး ရှိတယ်ဆိုတာ သိကြလား။ ဆယ်လ်မွန်အသားအ‌ရောင်ကို ကြည့်ပြီး ဘယ်ဟာက သဘာဝလဲ၊ ဘယ်ဟာက မွေးမြူရေးလဲ ဆိုတာ သိနိုင်ပါတယ်။ သဘာဝ ဆယ်လ်မွန်မှာ စိုပြီး တောက်ပတဲ့ အရောင်ရှိပါတယ်။ မွေးမြူရေးဆယ်လ်မွန်ကတော့ ပန်းရောင်ဖျော့၊ ဒါမှမဟုတ် လိမ္မော်ရောင်ဖျော့ ရှိတတ်ပါတယ်။ သဘာဝဆယ်လ်မွန်ရဲ့အသားက ပိုပြီးလတ်ဆက်တင်းရင်းပါတယ်။ 

သဘာဝ ဆယ်လ်မွန်နဲ့ မွေးမြူရေး ဆယ်လ်မွန်ကြား ရွေးချယ်တဲ့အခါ ဘယ်ဟာက ကျန်းမာရေးနဲ့ အရသာပိုင်းမှာ ပိုကောင်းလဲဆိုတာသိရဖို့ အောက်က ကွဲပြားခြားနားမှုလေးတွေကို သေသေချာချာ ဖတ်ကြည့်ပြီး ကိုယ့်စိတ်ကြိုက်အကောင်းဆုံးကို ရွေးချယ်ဝယ်ယူဖို့ အကြံပြုလိုပါတယ်။ 

စျေးနှုန်း 

ပုံမှန်အားဖြင့် သဘာဝဆယ်လ်မွန်တွေက မွေးမြူရေးဆယ်လ်မွန်တွေထက် ပိုပြီး စျေးကြီးပါတယ်။ အဲဒါဘာလို့လဲဆိုတော့ သဘာဝဆယ်လ်မွန်က ရှားပါးပြီး ပင်လယ်ထဲမှာ ဖမ်းယူရတာမို့ ငါးဖမ်းစရိတ်တွေလည်း ရှိသေးတယ်လေ။ မွေးမြူရေးဆယ်လ်မွန်ကတော့ ထိန်းညှိထားတဲ့ပတ်ဝန်းကျင်မှာ မွေးမြူရေးအများအပြား ပြုလုပ်နိုင်တာမို့ အလွယ်တကူရရှိနိုင်ပြီး စျေးလည်းချိုပါတယ်။ 

အာဟာရ ပါဝင်မှု

သဘာဝဆယ်လ်မွန်က မွေးမြူရေးဆယ်လ်မွန်ထက် ပိုပြီး အာဟာရပါဝင်မှု များပါတယ်။ သဘာဝဆယ်လ်မွန်က ပင်လယ်ထဲက အခြားငါးတွေကိုပါ စားတတ်တာမို့ သူတို့မှာ အစာချေညက်မှု ပိုမိုကောင်းမွန်ပြီး အိုမီဂါ - ၃ ဖက်တီးအက်စစ်ပါဝင်မှု အားကောင်းပါတယ်။ မွေးမြူရေးဆယ်လ်မွန်တွေမှာတော့ သတ်မှတ်ထားတဲ့ အစားအစာပဲ ကျွေးရတာမို့ အိုမီဂါ - ၃ ပါဝင်မှု နည်းပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုအခြေအနေတွေကြောင့် ညစ်ညမ်းမှုနဲ့ ဓာတုပစ္စည်းများလည်း ပိုမိုပါဝင်နိုင်ပါတယ်။ 

အရသာ

အရသာကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူနိုင်ပါဘူး။ သဘာဝဆယ်လ်မွန်က ပင်လယ်ထဲမှာ သဘာဝအတိုင်း နေထိုင်စားသောက်ကြတော့ သူ့ရဲ့ အသားအရသာက ထူးခြားပြီး အရသာ ပိုကြွယ်ဝပါတယ်။ မွေးမြူရေးဆယ်လ်မွန်ကျတော့ သတ်မှတ်ထားတဲ့ စားသောက်မှုပုံစံကြောင့် အရသာပိုင်းမှာ အနည်းငယ် ပိုနူးညံ့ပါတယ်။ တချို့မွေးမြူရေးဆယ်လ်မွန်တွေက အစားအစာ သေချာကျွေးမွေးထားလို့ ထူးကဲတဲ့ငါးအရသာ ပိုမိုပေါ်လွင်ပါတယ်။ အဲဒါကလည်း ဆယ်လ်မွန်အမျိုးအစား‌ပေါ် မူတည်ပြီး ဘယ်လိုကျွေးမွေးပြုစုလဲဆိုတာပေါ် အများကြီး မူတည်ကွဲပြားပါတယ်။ 

 ဒါဆိုရင် ကောင်းမွန်တဲ့ အရသာနဲ့ ကျန်းမာရေးအတွက် ဘယ်လိုဆယ်လ်မွန်မျိုးကို အကောင်းဆုံး ရွေးချယ်မလဲ။

ဆယ်လ်မွန်ရဲ့ အာဟာရပါဝင်မှုတန်ဖိုးကို အလေးထားတယ်ဆိုရင်တော့ အိုမီဂါ - ၃ ဖက်တီးအက်စစ် အများဆုံးပါဝင်တဲ့ သဘာဝဆယ်လ်မွန်ကို ရွေးချယ်ပါ။ အဲဒါက ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ သဘာဝဆယ်လ်မွန်မှာ ပဋိဇီဝဆေးများ၊ ပိုးသတ်ဆေးများနှင့် အခြားဓာတုပစ္စည်းများကဲ့သို့သော ညစ်ညမ်းမှုများ မပါဝင်ပါဘူး။ 

ကိုယ်က နူးနူးညံ့ညံ့အရသာကို ကြိုက်ပြီး စျေးချိုတာလေး လိုချင်ရင်တော့ မွေးမြူရေးဆယ်လ်မွန်ကတော့ အကောင်းဆုံးရွေးချယ်မှုပါ။ စျေးကွက်ထဲမှာ မွေးမြူရေးဆယ်လ်မွန်တွေကို များများရနိုင်ပြီး သူ့ရဲ့ နူးညံ့တဲ့ အရသာက ဟင်းပွဲတွေတိုင်းမှာ လိုက်ဖက်တဲ့ ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ရှိနေမှာပါ။

ဆယ်လ်မွန်ချစ်သူဆိုရင် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ စားသုံးမှုအများဆုံး ဆယ်လ်မွန်က အတ္တလန္တိတ် ဆယ်လ်မွန် (ဆယ်လ်မို ဆလာ) ဆိုတာ သိနေမှာပါ။ အတ္တလန္တိတ် ဆယ်လ်မွန်က မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲကို စီးဆင်းတဲ့ မြစ်တွေမှာ ရှိတတ်ကြပြီး နော်ဝေး၊ စကော့တလန်၊ ကနေဒါနဲ့ ချီလီ နိုင်ငံအပါအဝင် ကမ္ဘာအနှံ့က နိုင်ငံအများအပြားမှာလည်း သူတို့ကို  မွေးမြူကြတယ်။ အတ္တလန္တိတ် ဆယ်လ်မွန်မှာ အသားဓာတ်ကြွယ်ဝပြီး အရသာရှိတာကြောင့် ဆူရှီနဲ့ မီးခိုးကြပ်တိုက်ဆယ်လ်မွန် စတဲ့ ဟင်းလျာအများအပြားမှာ အသုံးပြုကြတယ်လေ။

ဘယ်ဆယ်လ်မွန်အမျိုးအစားကိုပဲ ရွေးရွေး သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ marketplace လို စူပါမားကတ်ကနေ လတ်ဆတ်တာမျိုးကို ရွေးချယ်ဝယ်ယူသင့်ကြောင်း အကြံပေးလိုပါတယ်။ 


Share

Comments

Related Posts