ဆောင်းရာသီမှာ စားဖွယ်ရာ

Posted in အစားအစာ


မြန်မာတစ်နိုင်ငံလုံးမှာ တကယ်ကို အရသာမျိုးစုံနဲ့ စားကောင်းသောက်ဖွယ်တွေ သူ့ဒေသနဲ့သူ ရိုးရာအလိုက် အမျိုးမျိုးကွဲပြားသလို အင်မတန်‌လည်းပေါများလှပါတယ်။ ခုလို ဆောင်းငွေ့လေးဟပ်တဲ့ အချိန်ရောက်တဲ့အခါ ဒီရာသီနဲ့အလိုက်ဖက်ဆုံး ဟင်းလျာတွေ၊ ရာသီထွက်သီးနှံတွေနဲ့ ရာသီစာတွေကလည်း မြည်းစမ်းပေးဖို့ လိုလာပြန်ရောပေါ့။ ဒီတော့ ဟေမန်ဆောင်းကို ထပ်ပေါင်းပေးမယ့် ရာသီစာလေးလုပ်စားချင်တယ်ဆိုသူတွေ ဆောင်းတွင်းမှာ မစားမဖြစ် သီးနှံတွေနဲ့ ဟင်းလျာလေးတွေကို လုပ်နည်းတွေပါ ဖော်ပြပေးထားလို့ ခုပဲကိုယ့်အကြိုက်လေးတွေပါရင် လုပ်စားကြည့်လိုက်တော့နော်။ 

(၁) စတော်ဘယ်ရီသီး 

မြန်မာဆောင်းရဲ့ပျော်စရာတွေထဲက တစ်ခုကတော့ ဒီစတော်ဘယ်ရီသီးလေးတွေပါပဲ။ ဒီဇင်ဘာလကနေ စတင်ခူးဆွတ်ပြီး ဆောင်းအကုန်မတ်လလောက်ထိကို ပေါ်နေမှာဖြစ်ပါတယ်။ ဒီရာသီမှာ အိမ်က စတော်ဘယ်ရီခြင်းကို ဘယ်လိုလုပ်စားရမလဲ ခေါင်းစားနေသူများအတွက် အရမ်းကောင်းတဲ့ စတော်ဘယ်ရီလီမွန်နိတ်လုပ်နည်းလေးပါ မိတ်ဆက်ပေးလိုက်ပါမယ်နော်။ 

ပါဝင်ပစ္စည်းလေးတွေကတော့ လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီး၊ ပင်စိမ်းရွက်၊ သံပရာရည်၊ သကြားရည်နဲ့ ရေခဲ ဒါလေးတွေ ပါရင် ဒီလိုစတော်ဘယ်ရီလီမွန်နိပ်ကို အလန်းဆန်းဆုံးဖျော်ရည်အဖြစ်သုံးဆောင်နိုင်မှာပါ။ ဒါတွေအပြင် ဒီအသီးရဲရဲလေးကို ကိုယ်နှစ်သက်ရာ ပုံစံအမျိုးမျိုးနဲ့ သုံးဆောင်နိုင်ပါတယ်နော်။

(၂) တို့ဖူးနွှေး 

ဆောင်းမနက်အေးအေးလေးနဲ့ အလိုက်ဖက်ဆုံးမနက်စာတွေထဲက တစ်ခုကိုလက်တို့ပါဆိုရင်တော့ တိုးဖူးနွှေးလို့ပြောရမှာပါပဲ။ သူ့ရဲ့ ချောချောမွေ့မွေ့အထိအတွေ့နဲ့ အာဟာရပြည့်ဝစေတဲ့ ဒီတို့ဖူးခေါက်ဆွဲဟင်းလျာဟာဆိုရင် လူတော်တော်များများရွေးချယ်ကြတဲ့ ဆောင်းတွင်းမနက်စာပဲဖြစ်ပါတယ်။ အိမ်မှာပဲ မနက်စာတို့ဖူးနွှေးကိုပြင်ဆင်တဲ့အခါ အရင်ဆုံး လှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး တို့ကို ဆား၊ ကြက်သားမှုန့်၊ အရောင်မှုန့်တို့နဲ့ ဆီသတ်ပြီး ဆီပြန်လာရင် ကြိုက်နှစ်သက်ရာ ကြက်သား၊ ဝက်သားထည့်မွှေပြီး အရသာရှိတဲ့ဟင်းအနှစ်ကိုပြုလုပ်ပါ။ 

တို့ဖူး‌မှုန့်နဲ့ နနွင်းအနည်းငယ် ဆားအနည်းငယ်တို့ကို အမှုန့် ၁ဆ ရေ ၁ဆ ရောမွှေပါ။ ပြီးနောက် ရေနွေးအိုးတည်က ပြင်ဆင်ထားတဲ့ တို့ဖူးနွှေးရည်ပျစ်ပျစ်ကို နည်းနည်းစီထည့်ကာ မီးအေးအေးနှင့် ဖြည်းဖြည်းချင်းကျိုပေးပါ။ တို့ဖူးရည် အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ‌ရေစိမ်ထားတဲ့ ဆန်စီးခေါက်ဆွဲကို ၃မိနစ်ခန့်ပြုတ်ပါ။ ရလာတဲ့ခေါက်ဆွဲကို စားသုံးဖို့ပန်းကန်လုံးထဲထည့်ပြီး ကျိုထားတဲ့တို့ဖူးနွှေးရည်၊ ဟင်းအနှစ်နဲ့အတူ သုံးဆောင်နိုင်ပါတယ်။ ခုလို အိမ်မှာအစအဆုံးလုပ်စားဖို့ အဆင်မပြေသူများအတွက်လည်း အသင့်စားတို့ဖူးနွှေးထုပ်များရှိသလို သင့်အကြိုက်ဆုံး တို့ဖူးနွှေးဆိုင်မှာလည်း ဆောင်းတွင်းအငွေ့အသက်လေးခံစားရင်း စားသုံးနိုင်ပါတယ်။

 

(၃) ထောပတ်သီး 

ဆောင်းတွင်းဆို ဈေးမှာအတွေ့အများဆုံးဖြစ်ပြီး လူကြိုက်လည်းများတဲ့ ထောပတ်သီးတွေက အောက်တိုဘာလလောက်ကစပြီး ထွက်တာဖြစ်ပြီး ဇန်နဝါရီလောက်ထိကို တွေ့နိုင်ပါတယ်။ ဒီတော့အသီးကြိုက်သူတွေ၊ သတ်သတ်လွတ်စားသူတွေအပြင် ဝိတ်ချသူတွေအတွက် ဆောင်းတွင်းရာသီစာဖြစ်တဲ့ အလွယ်ကူဆုံး ထောပတ်သီးဖျော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းလေးတွေကတော့ ချေထားတဲ့ထောပတ်သီးပျစ်ပျစ်၊ ဒိန်ချဉ်၊ ပျားရည်နဲ့ ကိုယ်ကြိုက်တဲ့အစေ့အဆံတွေထည့်လိုက်ရုံပါပဲ။ ဒီအာဟာရပြည့်ဝတဲ့ ဆောင်းရာသီထွက် ထောပတ်သီးကိုလည်း ကိုယ်ကြိုက်သလို နှစ်သက်ရာနဲ့တွဲစပ်ပြီးတော့လည်း မနက်စာ၊ အချိုပွဲ၊ သောက်စရာ အမျိုးမျိုးဖန်တီးသုံးဆောင်နိုင်ပါတယ်။ 

(၄) ထမနဲ

ဟေမန်ဆောင်းရာသီဖြစ်တဲ့ တပို့တွဲလကို အပြည့်အဝခံစားဖို့ဆို ထမနဲမပါရင်မပြီးပါဘူး။ တပို့တွဲတစ်လလုံး အမြို့မြို့အရွာရွာတိုင်း ရပ်ကွက်တိုင်းမှာ ထမနဲထိုးပွဲများပြုလုပ်တက်ကြပါတယ်။ ဒါကစည်းလုံးမှုကိုပြရုံတင်မကပဲ ရလာတဲ့ထမနဲဟာဆိုရင်လည်း မစားမဖြစ်စားရမယ့် ဆောင်းတွင်းရာသီစာလို့ပြောလို့ရပါတယ်။ ဆောင်းတွင်း အဆီခြောက်ခန်းချိန်ဖြစ်တဲ့အတွက် ဆီနိုင်သော ထမနဲကိုစားသုံးတဲ့အခါ စိုပြေလာပြီး၊ အပူဓာတ်ရလာတယ်လို့လည်း အယူရှိကြပါတယ်။ ဒါကြောင့်ရပ်ကွက်မှာဖြစ်ဖြစ် ကိုယ့်ရုံးမှာဖြစ်ဖြစ် အသင်းအလိုက် ထမနဲထိုးပြိုင်တဲ့အခါ ပါဝင်ကြည့်ပြီး မြည်းစမ်းကြည့်နိုင်ပါတယ်။

(၅) မျှစ်နှင့် ချဉ်ပေါင်ကြော် 

ဒီတစ်ခေါက်မှာတော့ ဆောင်းရာသီထွက်သီးနှံ ဟင်းလျာမျိုးမဟုတ်ပဲ ဆောင်းတွင်းမှာစားသင့်တဲ့ အရံဟင်းဓာတ်စာလေးပဲဖြစ်ပါတယ်။ အမျှင်တဲ့ မျှစ်နဲ့ ဝမ်းတွင်းအပူကိုထုတ်ပစ်နိုင်တဲ့ ချဉ်ပေါင်ရိုးနီတို့ဟာဆိုရင် အိမ်ရှင်မတွေအတွက်လည်း အထားခံတဲ ဆောင်းတွင်းဓာတ်စာ အရံဟင်းပဲဖြစ်ပါတယ်။ 

မျှစ်ကိုဆီပူပူနဲ့အရင်ကြော်ပြီး စစ်ထားပါ။ အိုးထဲမှာကျန်သောဆီထဲကို ငရုတ်သီးစိမ်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်စတာတွေထည့်ပြီး ဆီသပ်ပါ။ ငရုတ်အကြမ်းမုန့်ထည့်ပြီးနောက် ချဉ်ပေါင်ရွက်ထပ်ထည့်ပြီး နွမ်းသွားအောင်ကြော်ပါ။ ပြီးနောက် ငရုတ်သီးစိမ်း၊ မျှစ်၊ ငပိ တို့ကိုလိုသလောက်ထည့်ကြော်ပြီး သုံးဆောင်နိုင်ပါပြီ။ ဆောင်းတွင်းရာသီစာလေးတွေကို သိသွားပြီဆိုတော့ ခုပဲလုပ်စားကြည့်ပြီး မိသားစုတွေနဲ့အတူဆောင်းတွင်းကို အရသာရှိရှိ မျှဝေခံစားလိုက်ပါတော့နော်။ 


Share

Comments

Related Posts