ဟင်းချက်ဝါသနာအိုးဆိုတာ ဘယ်နေရာပဲရောက်ရောက် အရသာရှိတဲ့ အရာတစ်ခုခု အထူးသဖြင့် ကိုယ်တိုင်ချက်လို့ရနိုင်တဲ့ အစားအစာမျိုးလည်း စားမိလိုက်ရင် အိမ်မှာ ပြန်ပြီး ချက်ကြည့်တတ်ကြတယ်မဟုတ်လား။
ဒီတစ်ခေါက်မှာလည်း ဘန်ကောက်ညဈေးတန်းရဲ့ လူကြိုက်အများဆုံး Street Food တစ်မျိုးဖြစ်တဲ့ Khou Kha Mu (ဝက်လက် ထမင်းပေါင်း) ကို ထိုင်းရိုးရာအငွေ့အသက်လုံးဝမပျောက်ပဲ အသားကအစ နူးညံ့အိစက်ပြီး စားချယ်စဖွယ်ဖြစ်အောင် ဘယ်လိုပြင်ထားလဲဆိုတာ အောက်မှာဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-ဝက်လက်
-ပဲငံပြာရည်၊ ခရုဆီ၊ ခနောကြက်သားမှုန့်
-သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ ငရုတ်ကောင်းစေ့၊ ကြက်သွန်ဖြူ၊
-ကြက်ဥ၊ မှို၊ ထိုင်ဝမ်မုန်ညင်း၊ ကြံမဆိုင်(မုန်ညင်းချဥ်)၊ နံနံပင်အမြစ်၊ ဂျင်း
ချက်နည်းလေးကတော့-
-ကြက်ဥကို အရင်ပြုတ်ထားပါ။
-ဝက်လက်ကို အပေါ်ယံတင်းပြီး အရောင်ပြောင်းသည်အထိ မီးအေးအေးဖြင့် ကြော်ပါ။
-သကြားကိုလည်း မီးအေးအေးဖြင့် ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပါ။
-သကြားအရောင်ပြောင်းလာလျှင် ဝက်လက်ကို ဂျင်း၊ နံနံပင်အမြစ်တို့နှင့်အတူထည့်ပြီး ဆီသတ်ပါ။ ဟင်းခတ်အမွှေးအကြိုင်များလည်းထည့်ပါ။
-အရသာအတွက် စားပွဲတင်ဇွန်းဖြင့် ပဲငံပြာရည် ၂ ဇွန်း၊ ခရုဆီ ၃ ဇွန်း၊ ခနောကြက်သားမှုန့် ၁ ဇွန်း ထည့်ပါ။
-ပြီးလျှင် ရေထည့်ပြီး ဝက်လက်နူးလာသည်အထိ ၃ နာရီမှ ၄ နာရီအထိ တည်ထားပေးပါ။
-အချိန် ၃/၄ နာရီကြာပြီးနောက် ဝက်လက်နူးလာလျှင် အိုးထဲကို ကြက်ဥပြုတ်၊ မှိုနှင့် မုန်ညင်းချဥ်(ကြံမဆိုင်) ထည့်ပြီး ၁၀ မိနစ်ခန့် ထပ်တည်ပေးပါ။ နောက်ဆုံးမှ ထိုင်ဝမ်မုန်ညင်းကို ထည့်ပေးပါ။
-ပြီးရင်တော့ ဟင်းလျာတွေကို လှီးဖြတ်ပြင်ဆင်ပြီး ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။
ချက်ရင်းပြုတ်ရင်း အနံ့နဲ့တင် ဆွဲဆောင်မှုရှိနေတဲ့ ဒီ ဝက်လက်ထမင်းပေါင်းလေးကို အိမ်မှာလုပ်ကျွေးလိုက်ရင် အိမ်သားတွေအကုန် ဇွန်း လက်ကမချနိုင် ဖြစ်မယ်လို့ယုံကြည်ပါတယ်။။ ဒီတော့ ချက်ပြုတ်ရရင်ကို ပျော်နေတတ်တဲ့ အိမ်ရှင်မတို့ အတွက် ပိတ်ရက်မှာ လက်စွမ်းပြဖို့ ဟင်းလျာအသစ်တစ်မျိုးတိုးပြီပေါ့။
Anonymous