ရင်ထဲနွေးသွားမယ့် ဝက်မှိုလုံးဟင်းရည်ချို

Posted in တရုတ်အစားအစာ

ထမင်းဝိုင်းမှာ ဟင်းရည်ပူပူလေးတစ်ခွက်ပါမှ စားလို့မြိန်တဲ့သူတွေရှိလား။ အာဟာရရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ စွတ်ပြုတ်ချိုလေးတစ်ခွက်ကို မကြိုက်တဲ့သူဆိုတာ ရှားမယ်ထင်ပါတယ်။  ဒါကြောင့် အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြမယ့် ဝက်မှိုလုံးဟင်းရည် ပြုလုပ်နည်းလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ

•    ဝက်သား(ကြိတ်သား)

•    ရှီတာကီမှို

•    မုန်ညင်းထုပ်

•    မုန်လာဥ

•    ပြောင်းဖူးကော်မှုန့်

•    ပဲလိပ်ခြောက်

•    ပန်းခြောက်


ဟင်းရည်ပြုလုပ်နည်းလေးကတော့ -

•    အရင်ဆုံး ကြိတ်ထားတဲ့ ဝက်သားကို ကြက်သားမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊ ဂျင်း၊ ငရုတ်ကောင်း၊ မှို၊ ပြောင်းကော်မှုန့်တို့နဲ့ နယ်ပြီး အရသာသွင်းလိုက်ပါ။ 

•    အရသာသွင်းပြီးတဲ့ ဝက်သားကို အရွယ်တော် အလုံးလေးတွေလုံးပြီး ဆီအနည်းငယ်နဲ့ အပေါ်ယံ အရောင်ပြောင်းလာတဲ့အထိ ကြော်ပါ။ 

•    ကြက်သွန်ဖြူ၊ ဂျင်း၊ မုန်လာဥ၊ မှို၊ ပဲလိပ်တို့ကို ဆီသပ်ပြီး ရေမြုပ်အောင်ထည့်ပါ။ အရသာများထည့်ပြီး မုန်ညင်းထုပ်နဲ့ ပြောင်းဖူးကော်မှုန့်ထည့်ပြီး ဟင်းရည်ဆူလာအောင်တည်ပါ။ ဟင်းရည်ဆူလာလျှင် ကြော် ထားတဲ့ ဝက်မှိုလုံးတွေကိုထည့်ပြီး ၁၀ မိနစ်ခန့် တည်ထားပြီးပါက ဝက်မှိုလုံးဟင်းရည်ချိုချိုလေး စားဖို့ အသင့်ဖြစ်နေပါပြီ။ 

•    ဝက်မှိုလုံးဟင်းရည်ကို ပေါက်စီ၊ ဒင်းဆမ်းတို့နဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။  

စိတ်ကျေနပ်ဖွယ်အရသာနဲ့ အာဟာရအပြည့်ရှိတဲ့ ဒီစွတ်ပြုတ်ချိုလေးက အစာအိမ်နွေးပြီး တနေကုန် အားပြည့် နေစေတဲ့ပြင် လုပ်ရလည်းလွယ်၊ မြန်လည်းမြန်တာကြောင့် အလုပ်ရှုပ်တဲ့ နေ့ရက် တွေမှာ ကိုယ့်အကြိုက်ဟင်းရည်ပူပူလေးတစ်ခွက်ကို အချိန်တိုအတွင်း ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ဒီဝက်မှိုလုံး ဟင်းရည်ရှိပြီဆိုရင် အိမ်ရှင်မတို့အနေနဲ့ လူတိုင်းအကြိုက်နဲ့ကိုက်ညီတဲ့ ဟင်းတစ်ခွက်ချက်ဖို့ လည်း ခေါက်ခြောက်ခံ နေစရာမလိုတော့ဘူးမဟုတ်လား။


Share

Comments

Lin Htet

လူမှု နေထိုင်မှု အစားအသောက်တို့ကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူနဲ့ ဖတ်ရှုခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ် the good life you tube videos တွေပါ ပါတဲ့အတွက်ပိုအဆင်ပြေသွားတယ် ဒီထက်မက အောင်မြင်ပါစေ the good life

Hnin Nandar Oo

အိမ်မှာ City Mart က ဝယ်ထားတဲ့ ဝက်မှိုလုံးလေးတွေရှိနေတော့ ဘယ်လိုလေးချက်စားရမလဲ စဉ်းစားနေတာ ဒီဆောင်းပါးလေး ကျေးဇူးနဲ့ မနက်ဖြန် သမီးလေးကျောင်းထည့်ပေးဖို့ လွယ်ကူမြန်ဆန်တဲ့ ဟင်းလေးရလို့ ကျေးဇူးတင်ပါတယ် 😍